ဘုန်းတော်ကြီးသင် စာသင်ကျောင်းများအား ပိတ်သိမ်းပေးရန် NLD ပါတီဝင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကြွယ်ကြွယ် က ဆွေးနွေးသည်။
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစီအစဉ်တွင် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ဒုတိယ ခြောက်လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာ (၂၀၁၇ ခုနှစ် ဧပြီမှ အောက်တိုဘာအထိ) နှင့် စပ်လျဉ်းပြီး ဆွေးနွေးရာတွင် ဒေါက်တာကြွယ်ကြွယ်က ထိုသို့ ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်းများဟာ တကယ် လက်တွေ့မှာ ဘုန်းတော်ကြီးတွေက သင်ကြားတာ မဟုတ်ဘဲ ဘုန်းတော်ကြီးတွေက အုပ်ချုပ်ရေး၊ ရန်ပုံငွေရှာဖွေရေး အလုပ်တွေကိုသာ လုပ်ရတာဖြစ်ပြီး စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေက သင်ကြားရတာပါ။ စီမံအုပ်ချုပ်ရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဆရာ/ဆရာမ ရှာဖွေခန့်ထားရေး ထောက်ပံ့ငွေပေးရေး အလုပ်တွေက များပြားရှုပ်ထွေးပြီး တာဝန်ကြီးလေးပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ မူလ ပရိယတ္တိ၊ ပရိပတ္တိအလုပ်တွေအပြင် လောကီ လူမှုတာဝန်တွေကိုလည်း လုပ်ဆောင်ရတဲ့အတွက် ဆရာတော် သံဃာတော်တွေအပေါ် ၀န်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေတဲ့အတွက် ဒါကို ပညာရေးဌာန အစိုးရအနေနဲ့ လွှဲပြောင်းရယူ တာဝန်ယူဖို့ အချိန်ကျပြီလို့ ယူဆပါတယ်” ဟု ဒေါက်တာကြွယ်ကြွယ်က ပြောကြားသည်။
နိုင်ငံတော်အတွင်း ရပ်ကွက်ကျေးရွာပေါင်း ၆၇၀၀၀ တွင် ရာခိုင်နှုန်း ၈၀ မှာ အစိုးရက အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားကြောင်း သိရပြီး နိုင်ငံတော်က အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီးသော ရပ်ကွက်/ကျေးရွာများတွင် ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်းများကို လျှော့ချ ပိတ်သိမ်းခြင်းဖြင့် သံဃာတော်များ ပရိယတ္တိ၊ ပရိပတ္တိတာဝန်များနှင့် သာသနာ့လုပ်ငန်းများကို အားထုတ်နိုင်မည် ဖြစ်ကြောင်း ဒေါက်တာကြွယ်ကြွယ်က ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရှိသောကြောင့် မြန်မာ့ပညာရေး၌ ကြီးမားသည့် အထောက်အပံ့ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနက် အောင်မြင် လည်ပတ်နေသည့် ကျောင်းများရှိသလို လျော့နည်း ပျောက်ကွယ်မည့် ကျောင်းများလည်း အများအပြားရှိနေကာ သတ်မှတ်ထားသော မူဝါဒ စည်းကမ်းနှင့် ညီညွတ်လျှင် ကျောင်းအဆင့် တိုးမြှင့်ခြင်းနှင့် ဆရာ/ဆရာမများ လစာကို နိုင်ငံတော်က ချီးမြှင့်စေချင်ကြောင်း အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားတော် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ဆွေးနွေးသည်။
ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆောင်ရွက်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ပညာရေးဝန်ကြီးဌာနက သဘောတူခဲ့ပြီး ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်ပေါင်း ၁၅၇၆ ကျောင်းအထိ ဖွင့်လှစ်သင်ကြားလျက်ရှိကာ ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်းများ အသစ်ဖွင့်ခြင်း၊ အဆင့်မြှင့်ခြင်းနှင့် ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒကို ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်းများအားလုံး တစ်ပြေးညီ လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရေးအတွက် ရေးဆွဲရခြင်းဖြစ်ကြောင်း အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ အစီရင်ခံစာတွင် ပါရှိသည်။

No comments:
Post a Comment